Pages

Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Friday, 21 October 2011

ခန်းဆောင်စ ပ၀ါပါး


သဗ္ဗာဘိဘူ သဗ္ဗ၀ိဒူဟမသမှိ လောကဿ၊
သတ္တလောက သင်္ခါရလောက သြကာသလောက ဟူသော လောကသုံးပါးကို လွှမ်းမိုးနိုင်သူ၊ 
သူ နဲ့ငါ ကုသလဟိတ်ဖြင့်ကောင်းသော လာခြင်းရှိသူ၊ အကုသလဟိတ်ဖြင့် မကောင်းသော လာခြင်းရှိသူတို့၏လောကကို သိမြင်သူ၊ 
ရုပ် နာမ် ဓမ္မတို့၏ ဖြစ် တည် ပျက်သဘောကို အထူးသိမြင်သူ၊ 
စင်္ကြာဝဠာအပေါင်း သိန်းသောင်း ကုဋေမက ကို တွက်စစ်သိမြင်သူ၊ 

ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ဂယာသီသတောင်တန်းအနီးက ရှေးဟောင်းဆာဒူးတို့ ကျက်စား ရာ ဂယာရွာအနီး ဗောဓိပင်ရောက်တွင် ရရှိတော်မူခဲ့သည်၊ အလောင်းတော်သည် ဟိမာလ ယတောင်တန်း အနီး အေးချမ်းသော သက္ကတိုင်းတွင်း မွေးဖွားခဲ့သည်၊ 

ကိုယ်ကိုယ်တိုင် တိုင်းပြည်ကို အိမ်ရှေ့စံဘ၀ဖြင့် အုပ်ချုပ်ခွင့်ရနေသလို မိမိကိုယ်တိုင်လဲ ထီးနန်းစည်းစိမ်၏ အုပ်ချပ်မှု၊ ရာထူးအာဏာဆွဲဆောင်မှု၊ ယသောဓရာကြင်ရာမိဖုရား၏ ဆွဲဆောင်မှုများဖြင့် အကျဉ်းကျနေ ခဲ့သည်၊ ထွက်မြောက်ရန်ကြိုးပမ်းနေခဲ့သည်၊ လွတ်မြောက်ရန် လမ်းရှာနေခဲ့သည်၊ မိုးများ သည်းသည်း မည်းမည်း အုပ်ဆိုင်းနေတတ်သော မိုးလတစ်ညတွင် လမင်း ထိန်ထိန်သာနေသည်၊ 

မနက်ခင်းက မင်းချင်းယောင်္ကျာများ လျှောက်ထားသွားကြသည်၊ 
ယသောဓရာကြင်ယာမှ သားတော်တစ်ပါး ဖွားမြင်ကြောင်း၊ 
လွတ်မြောက်ရန် ရုန်းကန်နေသော မိမိကို နှောင်တွယ်မှုနောက်တစ်မျိုးတိုးလာပြန်ပြီ၊ 
ဒီတစ် ခါမရုန်းရင်ဖြင့် တစ်သက်လုံး မြှုံးမိရချေတော့မည်၊ 

ယသောဓရာအိပ်ယာဆောင်ခန်းတွင်မီးရောင်လဲ့လဲ့မြင်ရသေးသည်၊ သားတော်လေးကို ချော့သိပ်နေမည်လား တွေးမိသည်၊ သန်ခေါင်းချဉ်းလုပြီ၊ .
ယသော့ဆောင်ခန်းတွင် ဆီမီးအိမ်တို့ ငြိမ်းလေပြီ၊ 
ညနက် ပုရစ်တို့ တဂျစ်ဂျစ်အော်မည်နေကြသည်၊


မိမိအိပ်ယာဆောင်ခန်းတွင် ညဥ့်ယံစောစောက မမောမပန်း ကကြိုးဆင်ခဲ့ကြသော လှယမင်းတို့ အပျက် အပျက် အယွင်းယွင်းဖြင့် ညအခင်းကို အကျဉ်းတန်စေလေပြီ၊ 

ယသော့်ဆောင်ခန်းသို့ လှမ်းခဲ့ပြီ၊ သားတော်လေးကို ပွေ့ပိုက်လျှက် အိပ်စက်နေသော မယ်ယသော၊ လူ့လောကကြီး၏ မာယာ၊ လှည့်ကွက်များကို မြူဆံမျှမသိသေးသော သားငယ်လေး၊ ညနက်နက်အောက်က အလင်းပျပျတွင် ထင်းထင်းကြီးလှနေသော သားတော်လေးကို ပွေ့ပိုက်လိုက်ချင်ပါဘိ၊ 

ရုန်အားနှင့် ဆွဲအားလုံးလား ထွေးလာဖြစ်နေသည်၊  မတင်ထားသော ခန်းဆောင်စပ၀ါလေးကို
ပြန်ချလိုက်သည်၊ မယ်ယသော့်မျက်နှာနှင့်သားတော်ငယ်မျက်နှာတို့ကို ဖုံးကွယ်သွားချေပြီ၊ 

ခန်းဆောင်စ ပ၀ါပါးပါးဖြင့် ဘ၀တွေခြားလိုက်ပြီ၊